17
Wed, Jul
533 New Articles

မြန်မာ့ရွှေဈေး တစ်ကျပ်သား ကျပ်၁,၀၈၂,၀၀၀ အထိ ၂၀၁၉ ခုနှစ်အတွင်း အမြင့်ဆုံးမြင့်တက်

ရွှေဆိုင်တစ်ခုတွင် ရွှေများခင်းကျင်းထားမှုအားတွေ့ရစဉ် (ဆင်ဟွာ) Local

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

မြန်မာ့ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၁,၀၄၇,၀၀၀ မှကျပ် ၁,၀၈၂,၀၀၀ အထိ တစ်လ အတွင်း ကျပ် ၃၅,၀၀၀ ခန့် တက်လာခဲ့ပြီး၊ လက်ရှိပေါက်ဈေးသည် ၂၀၁၉ ခုနှစ်အတွင်း အမြင့်ဆုံးရွှေဈေးဖြစ်ကြောင်း ပန်းပဲတန်းမြို့နယ်ရှိ တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆင်ဟွာကိုပြောသည်။

ဦးဇော်အောင်က “အခုဒီရွှေပေါက်ဈေးက ၂၀၁၉ ခုနှစ် ထဲမှာ ဈေးအမြင့်ဆုံး လို့ပြောလို့ ရတယ်။ရွှေဈေးက တအိအိနဲ့ တက်လာတာပဲ’’ ဟုပြောသည်။

၂၉လမ်းအောက်ဘလောက်ရှိ ကောင်းစံရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော်က “ရွှေဈေးက ဧပြီလ သင်္ကြန်ပြီး နောက်ပိုင်း ဆက်တိုက်တက်တာ။ အဓိကကတော့ ကမ္ဘာ့ရွှေဈေးတက်လို့ တက်တာပါ။ ကမ္ဘာ့ရွှေဈေးက သင်္ကြန်ပြီးလောက်မှာ တစ်အောင်စကို ၁၂၉၀ ဒေါ်လာ လောက် ပဲရှိတယ်။ အဲဒီဈေးကနေ တဖြည်းဖြည်းတက်တာ တစ်အောင်စကို ၁၃၄၀ ဒေါ်လာ လောက် အထိ တက်လာတာပါ အရောင်းအဝယ်ကတော့ ပါးပါတယ်။’’ ဟု ဆင်ဟွာကိုပြောသည်။

ဒေါ်လာဈေးက တစ်ဒေါ်လာ ကို ၁၅၃၀ ဝန်းကျင် တက်ဈေးတွင်ငြိမ်လျက်ရှိပြီး၊ ကမ္ဘာ့ရွှေဈေးကမူ တက်ရိပ်ရှိနေကြောင်း ဦးမျိုးကျော်ကျော်ကဆိုသည်။

ဦးမျိုးကျော်ကျော်က “ကမ္ဘာ့ရွှေဈေးဆက်တက်ရင်တော့ မြန်မာ့ရွှေဈေးက ကျပ် ၁,၁၀၀,၀၀၀ လောက်အထိ ဖြစ်ကောင်းဖြစ်သွားနိုင်တယ်’’ ဟုပြောသည်။

ယနေ့ ဇွန် ၁၄ ရက် ညနေ တွင် မြန်မာ့ရွှေဈေး က ၁၆ပဲရည်(အခေါက်ရွှေ)တစ်ကျပ် သားကို ကျပ် ၁,၀၈၂,၀၀၀၊ ကမ္ဘာ့ရွှေဈေးက တစ်အောင်စ ၁၃၄၀ဒေါ်လာ၊ ဗဟိုဘဏ်မှ ထုတ်ပြန်သည့် တစ်ဒေါ်လာပေါက်ဈေး ၁၅၂၆.၆ ကျပ်ရှိသည်။  (Xinhua)