တာမွေမြို့နယ် အရိုးကုန်းရပ်ကွက်၌ တိုက်ပြိုကျမှုကြောင့် လူတစ်ဦး ဒဏ်ရာရရှိ

တာမွေမြို့နယ်တွင် တိုက်ပြိုကျမှုဖြစ်ပွားရာနေရာ၌ မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(မီးသတ်တပ်ဖွဲ့) Environment, Disasters & Accidents

ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ အမှတ်၅အေ၊ ဦးလွန်းလမ်းနှင့် အရိုးကုန်းလမ်းထောင့်ရှိ တိုက်သည် ယနေ့ (မေ ၂၁ ရက်) နံနက် ၂နာရီ ၂၀မိနစ်အချိန်တွင် ပြိုကျမှုဖြစ်ပွားရာ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာမွေမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။

" ငလျင်ကြောင့်ပြိုကျတာမဟုတ်ပါဘူး၊ အပေါ်ဆုံးက စပြိုကျတာပါ၊ လူတစ်ဦးပိတ်မိနေလို့ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့ပါတယ်"ဟု ၎င်းကဆိုသည်။အဆိုပါ တိုက်၏ နောက်ဖေးမီးဖိုချောင်အခန်းအတွဲလိုက် ပြိုကျမှုကြောင့် အမျိုးသားတစ်ဦးပိတ်မိနေသည်ကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၂နာရီ ၅၂မိနစ်တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ယင်းပိတ်မိနေသူမှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်တွင် တိုက်ပြိုကျမှုဖြစ်ပွားရာနေရာ၌  မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(မီးသတ်တပ်ဖွဲ့)

" နောက်ဖေးမီးဖိုချောင် လေးထပ်က စပြိုကျတာ၊အကုန်ပြိုကျသွားတာ၊ အသံကြားလို့ ထွက်ကြည့်တာ တိုက်ပြိုကျတာဖြစ်နေတာ၊ ငလျင်လည်းမလှုပ်ဘဲ ပြိုကျတာပါ။ တိုက်ရဲ့ ဟောင်းနွမ်းမှုလည်းပါမယ်ထင်တယ်၊ ပြိုကျတဲ့တိုက်ကြားထဲမှာ ပိတ်မိနေတဲ့လူကို ခက်ခက်ခဲခဲ ကယ်ထုတ်တာ၊ ဒဏ်ရာအများကြီးမရဘူး"ဟု အရိုးကုန်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။လက်ရှိအချိန်တွင် အဆိုပါ တိုက်အား အန္တရာယ်အဆောက်အအုံဖြစ်သတ်မှတ်ထားကြောင်း သိရသည်။(Xinhua)