15
Sat, Dec
663 New Articles

မျက်စိဝေဒနာရှင် ၂၀၀ အား နှစ်နိုင်ငံ ချစ်ကြည်ရေး အဖြစ် အခမဲ့ကုသ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့  ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ) Social

 

မန္တလေး၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

မန္တလေး၊ ချမ်းမြသာစည်မြို့ နယ်၊ သန်လျက်မှော် တောင်ရပ်ကွက်၊ ကန်တော်ကြီး အနောက်ဘက် ပတ်လမ်းရှိ ဇီဝိတ ဒါန သံဃာ့ ဆေးရုံကြီးတွင် တရုတ်ပြည်သူ့  သမ္မတနိုင်ငံ ကူမင်းမြို့ မှ One Belt One Road အလင်းရောင်ခရီးစဉ် မျက်စိပါရဂူ အဖွဲ့ နှင့် ဇီဝိတ ဒါန သံဃာ့ ဆေးရုံကြီး မျက်စိကုသရေး ပါရဂူ အဖွဲ့ တို့  ပူးပေါင်းပြီး အတွင်းတိမ် မျက်စိ ဝေဒနာရှင် ရဟန်း ရှင် လူ ၂၀၀ ဦးတို့ အား နှစ်နိုင်ငံ ချစ်ကြည်ရေး အဖြစ် အခမဲ့ကုသပေးသည့် အခမ်းအနားကို ယနေ့ နံနက် ကျင်းပခဲ့ကြသည်။

အခမ်းအနား သို့  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့  ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ဇနီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တရုတ်ပြည်သူ့  သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Wang Zongying (ခ) ဦးကျော်ရင်၊ မန္တလေးတိုင်းဒေသကြီး မြန်မာ - တရုတ် ချစ်ကြည်ရေး အသင်း၊ ကြင်တော်ယန် ဗုဒ္ဓ ဘာသာ ပရဟိတအသင်းချုပ်၊ ကြင်တော်ယန် ဗုဒ္ဓဘာသာ အမျိုးသမီးများ ပရဟိတအအသင်း၊ Mandalay Oversea Chinese Center, မန္တလေးမြို့  ဖူးချင့် ကွန်ဖြူးရှပ်စင်တာတို့ မှအကြီးအကဲများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တစ်နိုင်ငံလုံးဆိုင်ရာ FORC အသင်း၊ တရုတ်နိုင်ငံ ပင်လယ်ရပ်ခြား သွေးချင်းများ ပရဟိတအသင်း၊ ကူမင်းမြို့  အိုက်အယ် မျက်စိကု ဆေးရုံတို့ မှ တာဝန်ရှိသူများ၊ ပညာရှင်များ တက်ရောက်ခဲ့ကြပြီး ၀န်ကြီးချုပ်က အဖွင့် အမှာစကား ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့  သမ္မတနိုင်ငံ China Federation of Returned Oversea Chinese ဥက္ကဋ္ဌMr. Wang အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မန္တလေး အခြေစိုက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် Mr. Wang Zongying  (ခ) ဦးကျော်ရင် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

 တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ဧည့်သည်တော်များက မျက်စိဝေဒနာရှင်များအား မျက်မှန် လက်ဆောင်များ ပေးအပ်ကြစဉ် (ဆင်ဟွာ)

ဝန်ကြီးချုပ်က “ပူးပေါင်းဆောင်ရွက်ခြင်းဟာ အလွန်ကောင်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်၊ ဒီလက္ခဏာကို ထိန်းသိမ်းဖို့  လိုပါတယ်၊ ကျွန်တော်တို့ ရဲ့ မျိုးဆက်သစ်တွေကို အမွေပေးဖို့က တစ်ဦး နဲ့  တစ်ဦး ချစ်ကြည်တတ်ဖို့  တစ်ဦးရဲ့ ဘာသာ တစ်ဦး လေးစားတတ်ဖို့  တစ်ဦးရဲ့ ယဉ်ကျေးမှုကို တစ်ဦးက လေးစားတတ်ဖို့ ဖြစ်ပါတယ်၊ ပဋိပက္ခတွေ ရှောင်ရှားတတ်ဖို့  အမုန်းစကားတွေ မပြောကြဖို့  အမွေတွေ ပေးခဲ့ကြရပါမယ်။ တရုတ်ပြည်သူ့  သမ္မတနိုင်ငံမှ တာဝန်ရှိလူကြီးမင်းများ၊ ခွဲစိတ် ဆရာဝန်ကြီးများရဲ့ မေတ္တာ စေတနာကြောင့် မျက်စိဝေဒနာရှင် ၂၀၀ ဦးတို့ အလင်းရရှိစေမှာ ဖြစ်ပါ တယ်၊ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှုပြီး ယခုလို လာရောက် ကုသပေးမှုကို အထူးပဲ ကျေးဇူးတင်ရှိ ပါတယ်” ဟု ပြောကြားခဲ့သည်။ထို့ အပြင် ဆွေမျိုး ပေါက်ဖော်ကဲ့သို့  နေထိုင်ခဲ့ကြသော တရုတ် နိုင်ငံနှင့် မြန်မာနိုင်ငံတို့ သည် ရှေးယခင်တည်းက ရေးဆွဲခဲ့သော “ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင် ရေး၊ ၀င်ရောက် မစွက်ဖက်ရေး” ဟူသည့် ဘန်ဒေါင်းမူ ငါးချက်အတိုင်း အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ယိုင်းပင်းမှုများဖြင့် ပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းလည်း ၀န်ကြီးချုပ်က ပြောခဲ့သည်။

ထို့  နောက် တရုတ်ပြည်သူ့  သမ္မတနိုင်ငံ China Federation of Returned Oversea Chinese ဥက္ကဋ္ဌ Mr. Wang နှင့် မန္တလေး အခြေစိုက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကောင်စစ်ဝန်ရုံး ကောင်စစ် ၀န်ချုပ် Mr. Wang Zongying  (ခ) ဦးကျော်ရင်တို့ ကလည်း အမှာစကားများ အသီးသီး ပြောကြားခဲ့ကြ ရာ Mr. Wang က“ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးကို လိုလားသလို တရုတ်နိုင်ငံကလည်း ခေတ် အဆက်ဆက်ကတည်းက ငြိးချမ်းရေးကို လိုလားတဲ့ နိုင်ငံ ဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးကို တည်ဆောက် နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်၊ One Belt, one road စီမံကိန်းကလည်း ကမ္ဘာလုံးဆိုင်ရာ အတူတကွ ပူးပေါင်း ဆောင်ရွက်ပြီး ငြိမ်းချမ်းရေး တည်ဆောက်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်၊ အားလုံးဟာ သမ္မတ ရှီကျင့်ဖျင် ပြောသလို  ကံကြမ္မာတူတဲ့ လူ့ ဘောင် အသိုက်အ၀န်းတစ်ခု ထူထောင်ဖို့ ပဲ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံကလည်း ဒီလမ်းတစ်လျှောက်ရှိနေပြီး တက်ကြွစွာ ပါဝင်တာဖြစ်လို့  ၀မ်းသာ မိပါတယ်၊ အခု ဒီ ‘ပေါက်ဖော် မေတ္တာ စက္ခုပါလ အလင်းရောင် ခရီးစဉ်’ စီမံချက်ကလည်း One belt, one road ရဲ့ တစ်စိတ် တစ်ဒေသပဲ ဖြစ်ပါတယ်၊ ဒီစီမံချက်ကို မြန်မာနိုင်ငံမှာ လုပ်ခဲ့တာ အခုအကြိမ်ပါ ငါးကြီမ် ရှိပါပြီ၊  တစ်ကြိမ်မှာ မျက်စိအတွင်းတိမ် လူနာ  နှစ်ရာ- သုံးရာခန့် ကို အခမဲ့ ကုပေးခဲ့တာ အခု ဆိုရင် လူနာ ထောင်ချီ ရှိနေပါပြီ၊ ဒီ ခရီးစဉ်ကို မြန်မာနိုင်ငံမှာ ဆက်လက် ဆောင်ရွက်သွားပါမယ်၊ တောတောင် ရေမြေ တစ်ဆက်စပ်တည်း ဖြစ်တဲ့ တရုတ် - မြန်မာ နှစ်နိုင်ငံဟာ ပေါက်ဖော် ချစ်ကြည် ရေး နိုင်ငံတွေဖြစ်လို့  ဒီချစ်ကြည်ရေး အဓွန့့်ရှည်ပြီး ထာဝရ တည်မြဲဖို့  ကြိုးစားသွားမှာ ဖြစ်ပါတယ် ” ဟု ပြောခဲ့သည်။

ထို့ နောက် တရုတ် ကောင်စစ်ဝန်ချုပ် Mr. Wang Zongying (ခ) ဦးကျော်ရင်က “ဒီ အလင်းရောင် ခရီးစဉ် လုပ်ငန်းကို အရင်က စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူ၊ ထီးဆောင်း ဆေးရုံမှာ လုပ်ခဲ့ပါတယ်၊ အခု အကြိမ် မန္တလေး ဇီဝိတ ဒါန သံဃာ့ ဆေးရုံမှာ လုပ်ရတဲ့အတွက်  ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်၊ ဒီလို လှုပ်ရှားမှု အထမြောက်ဖို့  အကူအညီပေးခဲ့ကြတဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ အသင်းအဖွဲ့ တွေနဲ့  တရုတ်နိုင်ငံက ဆေးပညာရှင်တွေ ဆေးရုံ ၀န်ထမ်းတွေ အားလုံးကို အထး ကျေးဇူးတင်ပါတယ်၊ တရုတ် - မြန်မာနှစ်နိုင်ငံဟာ ပေါက်ဖော် ချစ်ကြည်ရေး အစဉ်အလာ ရှိခဲ့ပါတယ်၊ အထူးသဖြင့် မကြာ သေးခင်က တရုတ်- မြန်မာ စီးပွားရေး စင်္ကြံ စီမံကိန်းမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့  MoU ထိုးပြီး ဖြစ်ပါတယ်၊ ဒီနေ့  ဆောင်ရွက်မှုဟာ ဒီစီမံကိန်းတွေရဲ့ အောင်မြင်မှု အသီးအပွင့် တစ်ခုလို့  ပြောရင်မမှားပါဘူး၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု အသီးအပွင့်တွေ တော်တော်များများကို ရရှိခဲ့ပါ တယ်၊ မြန်မာပြည်သူ ပြည်သားတွေ လူမှုဘ၀ တိုးတက်ဖို့  လုပ်ငန်းစဉ် အများအပြားကို ကူညီ ပံ့ပိုး ဆောင်ရွက်ခဲ့ပါတယ်၊ ဆက်လက်ပြီးတော့လည်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နဲ့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်” ဟု ပြောကြားခဲ့သည်။

ထို့ နောက် ဇီဝိတ ဒါန သံဃာ့ ဆေးရုံကြီး စီမံခန့် ခွဲရေး ဗဟိုကော်မတီ ဥက္ကဋ္ဌဦးမြ၀င်းက ကျေးဇူးတင် စကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အဖွဲ့ ဝင်များ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဧည့်သည်တော်များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ဇီဝိတဒါန သံဃာ့ ဆေးရုံကြီးမှ ကော်မတီဝင်များက မျက်စိဝေဒနာရှင်များအား မျက်မှန် လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ (Xinhua)