24
Mon, Jun
553 New Articles

တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်းက ရန်ကုန်မြို့တွင် ရုံးခွဲဖွင့်လှစ်

တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး (ရန်ကုန်မြို့ရုံးခွဲ)ဆိုင်းဘုတ်အား ဖွင့်လှစ်နေစဉ်(ဆင်ဟွာ) Social

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး (ရန်ကုန်မြို့ရုံးခွဲ)ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီခန့်က လှိုင်မြို့နယ်ရှိ လောကနတ်အိမ်ရာတွင် ကျင်းပခဲ့သည်။ 

အဆိုပါအခမ်းအနားကို တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ပါတီကော်မတီ အမြဲတမ်းကော်မတီဝင် ဒုတိယပြည်နယ်ခွဲ အုပ်ချုပ်ရေးမှူး မစ္စတာ ကျန်းဟွေး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး သံမှူးကြီး မစ္စလီရှောင်ရန့်၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း  ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် ၊မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး(ငြိမ်း)ဒေါက်တာ ပွင့်ဆန်းနှင့်အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

ပထမဦးစွာ တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ပါတီကော်မတီ အမြဲတမ်းကော်မတီဝင် ဒုတိယ ပြည်နယ်ခွဲ အုပ်ချုပ်ရေးမှူး မစ္စတာ ကျန်းဟွေးက ဖွင့်ပွဲအခမ်းအနား အမှာစကားပြောကြားရာတွင် ယခုနှစ်ပိုင်းများတွင် တရုတ်-မြန်မာနှစ်နိုင်ငံသည် လယ်ယာစိုက်ပျိုးရေး၊မွေးမြူရေး၊ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးအခြေခံအဆောက်အအုံ၊ ယဉ်ကျေးမှု၊အားကစား၊ကျန်းမာရေးစသည့် ကဏ္ဍ များ၏ပူးပေါင်းဆောင်ရွက်မှုများမှာ သိသာထင်ရှားသည့် အောင်မြင်မှုအကျိုးရလဒ်တွေရရှိခဲ့ကြောင်း ၊ တက်ဟုန်းပြည်နယ်ခွဲအနေဖြင့် အဆိုပါပူးပေါင်း ဆောင်ရွက်မှုများတွင် ရှေ့ဆုံးကရှိနေပြီး ဘက်ပေါင်း စုံပူးပေါင်းဆောင်ရွက်မှုများ ထဲထဲဝင်ဝင်ရှိစေရန် အမြဲအားထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး ဖွံ့ဖြိုးရေးနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုတွင် နှစ်နိုင်ငံ အကြား ကုန်သွယ်စီးပွား ဆက်နွယ်မှုများ ပိုမို နီးနီး ကပ်ကပ်ရှိလာပြီး အများပြည်သူအတွက် အကျိုး စီးပွားကို ဆောင်ကြည်းပေး နိုင်မည်ဟု ယုံကြည်ကြောင်း ၊ နှစ်နိုင်ငံကူးလူးဖလှယ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုများတွင် တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး သည် ပေါင်းကူးတံတား အနေဖြင့် နှစ်နိုင်ငံပြည်သူ့အကျိုးကို သယ်ပိုးကာ ၊ခိုင်မာသော ချစ်ကြည်ရေး ကို တည်ဆောက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 ဖွင့်ပွဲအခမ်းအနားတက်ရောက်သည့် ဧည့်သည်တော်များ စုပေါင်းအမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ပါတီကော်မတီ အမြဲတမ်းကော်မတီဝင် ဒုတိယပြည်နယ်ခွဲ အုပ်ချုပ်ရေးမှူး မစ္စတာ ကျန်းဟွေး အဖွင့်မှာစကားပြောကြားစဉ် (ဆင်ဟွာ) 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံမှူးကြီး မစ္စလီရှောင်ရန့်မှ အမှာစကားပြောကြားစဉ်(ဆင်ဟွာ) 

 မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်မှ အမှာစကားပြောကြားစဉ် (ဆင်ဟွာ) 

တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း ရန်ကုန်မြို့ရုံးခွဲ ဖွင့်ပွဲအခမ်းအနား  ကျင်းပနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း ရန်ကုန်မြို့ရုံးခွဲ ဖွင့်ပွဲအခမ်းအနား  ကျင်းပနေစဉ်(ဆင်ဟွာ)

သံမှူးကြီး မစ္စလီရှောင်ရန့်ကလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေပြီး နှစ်နိုင်ငံ၏ အဓိက ပေါင်းကူးတံတားဖြစ်ကြောင်း ၊ တက်ဟုန်းပြည်နယ်ခွဲမှာ နှစ်နိုင်ငံ နယ်စပ်နှင့်အနီးဆုံးနေရာတွင်တည်ရှိပြီး ရွှေလီ၊၀မ်တိန်စသည့်အရေးပါသည့် နိုင်ငံတော်အဆင့် နယ်စပ်ဂိတ်များရှိရာ ကုန်သွယ်စီးပွားဖွံ့ဖြိုးစေရန် ဆောင်ရွက်ရာတွင်  အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း ၊ အထူးသဖြင့် နယ်စပ်ဒေသကုန်သွယ်ရေးနှင့် နယ်စပ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ဇုန် တည်ဆောက်ရာတွင် နှိုင်းယှဉ်မရသည့်အားသာချက်အများကြီးရှိကြောင်း ၊ မြန်မာနိုင်ငံရန်ကုန်မြို့ သည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ တောင်ဘက်စွန်းတွင်ရှိသလို စီးပွားရေး၊သယ်ယူပို့ဆောင်ရေး ဗဟိုချက်မလည်း ဖြစ်ကြောင်း၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု အပြန်အလှန်အားဖြည့်ပေးနိုင်သလို ပူးပေါင်းဆောင်ရွက်မှုအလားအလာကောင်းများလည်း များစွာရှိကြောင်း ၊တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း ရန်ကုန်ရုံးခွဲသည် တက်ဟုန်း -ရန်ကုန် ပူးပေါင်း ဖလှယ်မှုများတွင် ပလက်ဖောင်းအသစ်တစ်ခုအနေဖြင့် နှစ်ဖက်စီးပွားရေးလုပ်ငန်းများကို အဆင်ပြေ ကောင်းမွန်စေမည့် ၀န်ဆောင်မှုများပေးကာ မြန်မာနိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် တရုတ်-မြန်မာ ဆက်ဆံရေး တိုးတက်စေရန်အတွက် အကျိုးဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ သည်။ 

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း  ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်ကလည်း တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံးသည်  တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကိုဖော်ဆောင်ပေးရာတွင် အထောက်အကူပြုမည် ယုံကြည်ကြောင်းနှင့် လှိုက်လှဲစွာ ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံးသည် တက်ဟုန်း ပြည်နယ်ခွဲပါတီကော်မတီနှင့် တက်ဟုန်းပြည်နယ်ခွဲပြည်သူ့အစိုးရ ၊ရွှေလီမြို့ အထူးစီးပွားရေးဖွံ့ဖြိုးမှု စမ်းသပ်ဇုန်အောက်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုန်သွယ်စီးပွားပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုကောင်းမွန်စွာ အကျိုးဆောင်နိုင်ရန်အတွက် သီးသန့်ဖွင့်လှစ်ထားခြင်းဖြစ် ကြောင်း ၊ ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် ရန်ကုန်အပါအ၀င် မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနား ၊လားရှိုးနှင့် ဗန်းမော်မြို့များတွင် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။  (Xinhua)